ဖိလစ်ပိုင်မှာ မီးတောင် ပေါက်ကွဲမှု သတိပေးချက်ကို ဒုတိယ အမြင့်ဆုံးအဆင့် ထုတ်ပြန်

Tue, 2018-01-23 15:22 -- zaythu

ဖိလစ်ပိုင် နိုင်ငံမှာ မေယွန် မီးတောင် ပေါက်ကွဲမှု သတိပေးချက်ကို ဒုတိယ အမြင့်ဆုံး အဆင့် ထုတ်ပြန် ကြေညာလိုက်ပါတယ်။
 
ဖိလစ်ပိုင် အလယ်ပိုင်းက သဘာဝ ရှုမျှော်ခင်းတွေ လှပသာယာပြီး ကမ္ဘာလှည့် ခရီးသွား အများအပြား လာရောက် လည်ပတ်လေ့ရှိတဲ့ အယ်လ်ဘေး ဒေသက မေယွန် မီးတောင်ကြီး လှုပ်ရှား ပေါက်ကွဲနေတာ သီတင်းတစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
 
ဇန်နဝါရီ ၂၂ ရက်မှာတော့ မီးတောင်ရဲ့ ပေါက်ကွဲမှု အရှိန် ပိုအားကောင်းလာပြီး ချော်ရည်တွေ ပြင်းပြင်းထန်ထန် မှုတ်ထုတ်နေတာကြောင့် မီးတောင် အန္တရာယ် သတိပေးချက်ကို အဆင့် ၄ ထိ မြှင့်တင်လိုက်တာ ဖြစ်ပါတယ်။
 
မီးတောင် အန္တရာယ် သတိပေး ကြေညာချက် အမြင့်ဆုံး သတ်မှတ်ထားတာက အဆင့် ၅ ဖြစ်ပါတယ်။
 
ဖိလစ်ပိုင် မီးတောင်နဲ့ ငလျင် တိုင်းတာရေး ဌာနက မေယွန်ရဲ့ အတွင်းပိုင်း လှုပ်ရှားမှုတွေဟာ မှန်းဆလို့ မရလောက်အောင် ပြင်းထန်နေနိုင်ကြောင်း မှတ်ချက်ပေးထားပါတယ်။
 
မေယွန်မီးတောင်ဟာ ဇန်နဝါရီ ၁၃ ရက်မှာ စတင် လှုပ်ရှားလာခဲ့ပြီးနောက် မီးတောင် ပတ်ဝန်းကျင် လူနေဧရိယာတွေကို အာဏာပိုင်တွေက အရေးပေါ် ရွှေ့ပြောင်းစေခဲ့ပါတယ်။
 
 အယ်လ်ဘေးခရိုင် အုပ်ချုပ်ရေး ဌာနက ဒေသတွင်းမှာ ရှိသမျှ စာသင်ကျောင်း အားလုံးကို ဇန်နဝါရီ ၂၃ ရက်ထိ ဆက်ပိတ်ထားဖို့ ညွှန်ကြားထားတယ်လို့လည်း သိရှိရပါတယ်။

Tuesday, January 23, 2018