ရခိုင်က နေရပ်စွန့်ခွာတွေကိုပြန်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီ

Tue, 2018-01-23 16:58 -- zaythu

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ နေရပ်စွန့်ခွာသူတွေကို ပြန်လည် လက်ခံဖို့ မြန်မာအစိုးရက အဆင့်သင့်ဖြစ်နေပြီလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုလိုက်ပါတယ်။

နေရပ်စွန့်ခွာတွေကို ပြန်လည်လက်ခံဖို့နှစ်နိုင်ငံ ချုပ်ဆိုထားတဲ့ စာချုပ်အရ မြန်မာဘက်က အသင့်ပြင်ဆင်ထားပြီး မူလက ဒီကနေ့ ဇန်နဝါရီလ ၂၃ ရက်မှာ စတင်လက်ခံဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့်  စတင်လက်ခံမယ့်သူတွေရဲ့ စာရင်းကို ဘင်္ဂလားဒေ့ရှ် ဘက်ကို ပို့ထားပေမယ့် ပြန်လည် အကြောင်းကြားလာတာမျိုး မရှိတာကြောင့် ဒီကနေ့မှာပြန်လည်လက်ခံရေး အစီအစဉ်တွေကို မစတင်ဖြစ်ဘူးလို့ သိရပါတယ်။

ဒီကနေ့မှာတော့ နေပြည်တော်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှာ ရခိုင်ပြည်နယ်က နေရပ်ပြန်တွေကို ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ ပြန်လည်ညှိုနှိုင်းမှုတွေ လုပ်ရမယ့်ဆိုရင်လည်း လုပ်ဆောင်သွားမယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ 
ဘင်္ဂလားဒေ့ရှ် အနေနဲ့ နေရပ်စွန့်ခွာတွေပြန်လည်ပို့ဆောင်မယ်ကိစ္စနဲ့ပတ်သက်ပြီး လတ်တလောမှာ ဆက်သွယ်ပြောဆိုလာခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ 

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားတဲ့သူတွေကို ပြန်လည်လက်ခံတဲ့နေရာမှာ အကြမ်းဖက်သမားတွေ မပါဝင်အောင် အသေအချာ စိစစ်သွားမယ့်အပြင် တနေ့ကို လူဦးရေ ၁၅၀ ဦးကိုသာ လက်ခံ စိစစ်သွားမယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောထားပါတယ်။

ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Tuesday, January 23, 2018