Snare အဖွဲ့ရဲ့ “ပူးတွဲချန်ပီယံ” ၁၂ ရက်နေ့ထွက်မယ်

Mon, 2018-02-12 11:14 -- zaythu
ဖြိုးလေးနဲ့ နေဝင်းတို့ Snare အဖွဲ့ရဲ့ တတိယအယ်လ်ဘမ် “ပူးတွဲချန်ပီယံ” အခွေကို ဒီလ ၁၂နေ့ရက်မှာ ဖြန့်ချိတော့မှာပါ။
 
“ဘကြီးဖြိုးနဲ့ ဦးနေဝင်း”အခွေထွက်ပြီးကတည်းက ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေတဲ့ Snare အဖွဲ့ရဲ့ ဒီတစ်ခေါက်အခွေမှာတော့ ဘယ်လိုခေတ်စားတဲ့ Rapping တွေ ပါဝင်ဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။
 
အခွေမထွက်တာ ငါးနှစ်လောက်ကြာသွားလို့ ပရိသတ်တွေကြားမှာ အစက ပြန်စနေရသလိုဖြစ်နေတယ်လို့ နေဝင်းက ပြောပါတယ်။
 
လူငယ်အကြိုက် သီချင်းပုံစံတွေ၊ ဘဝအကြောင်းတွေ၊ ပိုက်ဆံအကြောင်းရေးစပ်ထားတာတွေ ဒီအခွေထဲမှာပါဝင်ထားပြီး ပရိသတ်တွေနဲ့ ထပ်တူကျလိမ့်မယ်လို့ Snare အဖွဲ့ရဲ့ ဖြိုးလေးက ဆိုလာပါတယ်။
 
ဒီအခွေမှာ သီချင်း ၁၄ပုဒ်ပါဝင်ပြီး တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၊ မိုးမိုး၊ ဘန်နီဖြိုး၊ G Family ၊ အောင်သူ ၊ G Fatt ၊ အမရာဘုန်းတို့ကလည်း ပါဝင်အားဖြည့်သီဆိုထားပါတယ်။
 
အခွေထွက်မယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ရန်ကုန်မြို့ Junction Square မှာ ပရိသတ်တွေနဲ့တွေ့ဆုံပြီး သီချင်းတွေနဲ့ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်
Saturday, February 10, 2018