၂၁ပင်လုံကနေ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံ တည်ဆောက်နိုင်မယ်လို့သမ္မတဆို

Mon, 2018-02-12 14:03 -- zaythu

၂၁ ရာစုပင်လုံညီလာခံကနေ ပြည်တွင်းငြိမ်းချမ်းရေး ရရုံသာမက ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်မယ် ဆိုတာကို ယုံကြည်ထားတဲ့အကြောင်း သမ္မတ ဦးထင်ကျော်က ပြည်ထောင်စုနေ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြလိုက်ပါတယ်။

ဒီကနေ့ မနက်ပိုင်းက နေပြည်တော်က မြို့တော်ခန်းမမှာ ( ၇၁ )နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ကျင်းပခဲ့တာပါ။
အဲဒီအခမ်းအနားကို ဒုတိယ သမ္မတဦးမြင့်ဆွေ တက်ရောက်ခဲ့ပြီး သမ္မတရဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့တာဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရဲ့ အဓိက လိုအပ်ချက်ဟာ တိုင်းရင်းသား အချင်းချင်း အပြန်အလှန် ယုံကြည်မှု ရှိတယ်လို့လည်း သဝဏ်လွှာမှာသမ္မတက ထည့်သွင်းထားပါသေးတယ်။ ဒါကြောင့် တိုင်းရင်းသားအားလုံး ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံပြီး သံသယကင်းတဲ့  အကြွင်းမဲ့ယုံကြည်မှု၊ ခိုင်မာစည်းလုံးမှု၊ ပြတ်သားတဲ့ သန္နိဌာန်စိတ်တို့နဲ့ တွေ့ဆုံညှိုနှိုင်း အဖြေရှာတဲ့ နည်းလမ်းနဲ့ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါအပြင် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အတွက်လည်း အသေးစား၊  အလတ်စား စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ အဆက်မပြတ်ကြိုးစား အားထုတ်နေတယ်လို့လည်း သဝဏ်လွှာမှာပါ ရှိပါတယ်။

ရုပ်သံသတင်းထောက် - မောင်သင်တုန်း 

Monday, February 12, 2018