၂၀၁၈ အတွက် ကမ္ဘာ့ အပျော်ရွှင်ဆုံး နိုင်ငံတွေစာရင်း (World Happiness Report) စာရင်းမှာ မြန်မာနိုင်ငံရဲ့ ရပ်တည်မှုက အဆင့် ၁၃၀ ထိ ကျဆင်းသွားခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ မိတ်ဖက် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Sustainable Development Solutions Networkဟာ နှစ်စဉ် မတ်လရောက်တိုင်း ဒီစာရင်းကို ထုတ်ပြန်လေ့ ရှိပါတယ်။ နိုင်ငံအလိုက် ပျော်ရွှင်မှု အခြေအနေကို တွက်ချက်ရာမှာ ဝင်ငွေ၊ လွတ်လပ်မှု၊ ယုံကြည်မှု၊ ကျန်းမာရေး အာမခံချက်၊ လူမှုရေး အထောက်အပံ့နဲ့ ရက်ရောမှုဆိုတဲ့ ကဏ္ဍ ခြောက်ရပ်ကို အခြေခံ တွက်ချက်တာ ဖြစ်ပါတယ်။
မတ်လ ၁၅ ရက်က ထုတ်ပြန်တဲ့ စာရင်းမှာတော့ မြန်မာဟာ အဆင့် ၁၃၀ ထိ ကျဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။ မနှစ်က စာရင်းမှာ မြန်မာရဲ့ ရပ်တည်မှုက အဆင့် ၁၁၄ မှာ ရှိခဲ့ပြီး ၂၀၁၆ တုန်းကတော့ အဆင့် ၁၁၉ ထိ ရောက်ရှိခဲ့ဖူးပါတယ်။
အစ္စရေးက နံပါတ် ၁၁ နေရာမှာ ရှိနေပြီး အာရှနိုင်ငံ အားလုံးထဲမှာ အဆင့်အမြင့်ဆုံးအဖြစ် ရပ်တည်ခဲ့ပါတယ်။ အာဆီယံ ဒေသတွင်း နိုင်ငံတွေထဲမှာ စင်ကာပူက အဆင့် ၃၄၊ မလေးရှားက ၃၅၊ ထိုင်းက ၄၆၊ ဖိလစ်ပိုင်က ၇၁၊ ဗီယက်နမ်က ၉၅၊ အင်ဒိုနီးရှားက ၉၆၊ လာအိုက ၁၁၀ နဲ့ ကမ္ဘောဒီးယားက ၁၂၀ အသီးသီး ရှိကြပါတယ်။ ဘရူနိုင်းကိုတော့ ဒီစာရင်းထဲမှာ ထည့်မတွက်ထားတဲ့အတွက် အာဆီယံ ၁၀ နိုင်ငံထဲမှာ မြန်မာရဲ့ ရပ်တည်မှုက အနိမ့်ဆုံး ဖြစ်နေပါတယ်။
မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေမှာ တရုတ်က အဆင့် ၈၆ ဖြစ်ပြီး အိန္ဒိယက ၁၃၃ ထိ ကျဆင်းနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ အဆင့် ၁၁၅ လို့ ဖော်ပြထားပါတယ်။
၂၀၁၈ ရဲ့ ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံအဖြစ်တော့ ဖင်လန်ကို ရွေးချယ်ထားပါတယ်။ မနှစ်က စာရင်းမှာ ဖင်လန်က နံပါတ် ၅ နေရာမှာ ရှိခဲ့ဖူးပါတယ်။ မနှစ်က ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံရတဲ့ နော်ဝေးကတော့ ၂၀၁၈ မှာ ဒုတိယ နေရာကို ရောက်ရှိသွားကြောင်း သိရပါတယ်။