တည်ငြိမ်အေးချမ်းတဲ့စီးပွားရေးမြို့တော်ဖြစ်အောင်ရန်ကုန်တိုင်းရဲ့ဒေသန္တရစီမံကိန်းကိုရေးဆွဲထား

Sun, 2018-03-18 14:24 -- zaythu

 အခုနှစ်အတွက် ရန်ကုန်တိုင်းအတွက် ဒေသန္တရစီမံကိန်းရေးဆွဲတဲ့နေရာမှာ အုပ်ချုပ်မှုကောင်းမွန်ပြီး တည်ငြိမ်အေးချမ်းတဲ့ စီးပွားရေးမြို့တော်ဖြစ်ဖို့ ရည်ရွယ်ရေးဆွဲထားတယ်လို့ ရန်ကုန်တိုင်းအစိုးရဲ့ စီမံ ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းက ပြောလိုက်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ ၂၀၁၈ခုနှစ်ဧပြီလမှ စက်တင်ဘာလအထိ ၆လအတွက် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းကိုတင်သွင်းစဉ် ပြောကြားခဲ့တာပါ။

အဲဒီ့ဒေသန္တရစီမံကိန်းမှာ နိုင်ငံတော်ဘတ်ဂျက်အနေနဲ့ ငွေကျပ် ၁၃၃ဘီလီယံကျော်တန်ဖိုးရှိတဲ့ လုပ်ငန်းစီမံကိန်းတွေအပြင် Public Private Partnership နဲ့ဆောင်ရွက်မယ့် လုပ်ငန်းစီမံကိန်းတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

ဒေသန္တရစီမံကိန်းမှာ ကဏ္ဍကြီးသုံး ခုဖြစ်တဲ့ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတွေအတွက် လုပ်ငန်းစီမံကိန်းတွေရေးဆွဲထားပြီး စက်မှုကဏ္ဍကို အထူးတွန်းအားပေးဆောင်ရွက်ဖို့လျာထားတယ်လို့လည်း ဝန်ကြီးဦးမြင့်သောင်းကပြောပါတယ်။

အဲဒီ့ဒေသန္တရစီမံကိန်းဥပဒေကြမ်းကို ရန်ကုန်တိုင်းလွှတ်တော်မှာဆွေးနွေးသွားမှာဖြစ်ပြီး ဘယ်နေ့မှာဆွေးနွေးအတည်ပြုမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ရုပ်သံသတင်းထောက် အိမ့်မြတ်နိုးဇော်

Sunday, March 18, 2018