မြန်မာကင်းထောက်အမျိုးသမီးအဖွဲ့မှာ အဖွဲ့ဝင် ရှစ်သောင်းထိရှိဖို့ ရည်မှန်းထား

Sun, 2018-03-18 17:44 -- zaythu

မြန်မာကင်းထောက်အမျိုးသမီးအဖွဲ့အနေနဲ့ ၂၀၂၀ခုနှစ်မှာ ကင်းထောက်အဖွဲ့ဝင်ပေါင်း ရှစ်သောင်းထိ ရှိလာဖို့ ရည်မှန်းထားတယ်လို့ သတင်းရရှိပါတယ်။ မြန်မာကင်းထောက်အမျိုးသမီးအဖွဲ့ဟာ လက်ရှိမှာ အဖွဲ့ဝင်ပေါင်း သုံးသောင်းကျော်ရှိပြီး  နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့သိရပါတယ်။

ကင်းထောက်လူငယ်တွေများပြားလာစေဖို့ အခြေခံပညာကျောင်းတွေနဲ့ တက္ကသိုလ်တွေကို အဓိကထားပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မြန်မာကင်းထောက်အမျိုးသမီးအဖွဲ့ရဲ့ ကင်းထောက်ချုပ် ဒေါ်တင်လှကြည်က ပြောပါတယ်။ ဒီကနေ့ မတ်လ(၁၈) ရက်က ရန်ကုန်ပညာရေးတက္ကသိုလ် မှာ ပြုလုပ်တဲ့ မြန်မာကင်းထောက်အမျိုးသမီးအဖွဲ့နဲ့ ဂျပန်နိုင်ငံ အိုဆာကာ ကင်းထောက် အမျိုးသမီးအဖွဲ့တို့ရဲ့ ချစ်ကြည်ရေးရန်ပုံငွေဈေးရောင်းပွဲမှာ ပြောကြားခဲ့တာပါ။

မြန်မာကင်းထောက်အမျိုးသမီးအဖွဲ့ကိုယ်စားပြု ကင်းထောက်အမျိုးသမီး(၇)ဦးကိုရွေးချယ်ပြီး ဒီနှစ် သြဂုတ်လအတွင်း ဂျပန်နိုင်ငံမှာ ပြုလုပ်မယ့် နိုင်ငံတကာကင်းထောက်စခန်းဆီကို စေလွှတ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဂျပန်နိုင်ငံကို စေလွှတ်နိုင်ဖို့ အတွက် ရန်ပုံငွေမြှင့်တင်တဲ့အနေနဲ့ ဒီကနေ့မှာ့  ချစ်ကြည်ရေးရန်ပုံငွေဈေးရောင်းပွဲတော်ကို ကျင်းပတာဖြစ်ပါတယ်။

ဒီပွဲတော်မှာ ဆိုင်ခန်းပေါင်း(၄၀)ကနေ အ၀တ်အစား၊အစားအစာ၊လက်မှုပစ္စည်း၊လူသုံးကုန်ပစ္စည်းတွေနဲ့ ဂိမ်းကစားနည်းတွေကို မြန်မာ-ဂျပန် ကင်းထောက်အဖွဲ့ဝင်တွေ ပူးပေါင်းပြီးရောင်းချနေတာကို တွေ့ရပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး 

Sunday, March 18, 2018