အိုက်စ်လန်ကို အနိုင်ယူပြီး အုပ်စုတက်ရေး မျှော်လင့်ချက်ကို အသက်ပြန်သွင်းခဲ့တဲ့ နိုက်ဂျီးရီးယား

Sat, 2018-06-23 13:59 -- Nwe Mon Phyo

ဇွန်- ၂၂၊ ၂၀၁၈

နိုက်ဂျီးရီးယား အသင်းဟာ အိုက်စ်လန်ကို အနိုင်ကစားခဲ့တဲ့နောက် အုပ်စုတက်ရေး မျှော်လင့်ချက်တွေ ပြန်ပြီး အသက်ဝင်လာခဲ့ပါတယ်။

အုပ်စုအဖွင့် ပွဲစဉ်မှာ နာမည်ကြီး အာဂျင်တီးနားကို သရေကစားခဲ့တဲ့ အိုက်စ်လန်ဟာ အခုပွဲစဉ်မှာလည်း နိုက်ဂျီးရီးယားဆီက အမှတ်ခွဲယူဖို့ ခံစစ်ကို အလေးထား ပြင်ဆင်လာခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းလုံးရဲ့ ကစားပုံက သိပ်ပြီး စိတ်ဝင်စားစရာ မရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ နိုက်ဂျီးရီးယားက ပိုပြီး ထိထိရောက်ရောက် တိုက်စစ်ဆင်လာနိုင်ခဲ့ပါတယ်။

၄၉ မိနစ်မှာတော့ နိုက်ဂျီးရီးယားအသင်း ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ညာခြမ်းက ဗစ်တာမော့ဆက်စ် ဖြတ်တင်ပေးတဲ့ ဘောလုံးကို ဧရိယာထဲမှာ တိုက်စစ်မှူး အာမက် မူဆာက တစ်ချက်တားပြီး လှလှပပ ကန်သွင်းခဲ့တာပါ။ ဂိုးရသွားပြီးတဲ့နောက် နိုက်ဂျီးရီးယားကပဲ ဂိုးသွင်းခွင့်တွေ ဆက်တိုက် ဖန်တီးနိုင်ခဲ့ပြီး ၇၃ မိနစ်မှာ မူဆာရဲ့ အားပါတဲ့ ကန်ချက်က ဂိုးဘားတန်း ထိထွက်သွားပါတယ်။ ဒါပေမဲ့ ချက်ချင်းလိုလိုပဲ တန်ပြန်တိုက်စစ်ကနေတဆင့် မူဆာက ဘယ်ခြမ်းကနေ ဆွဲပြေးလာပြီး အိုက်စ်လန် ခံစစ်မှူးတွေနဲ့ ဂိုးသမားကိုပါ လိမ်ခေါက်ရင်း ဒုတိယဂိုးကို ထပ်မံ သွင်းယူခဲ့ပါတယ်။

မိနစ် ၈၀ မှာ အိုက်စ်လန် တိုက်စစ်မှူး အဲလ်ဖရက်ဒ် ဖင်ဘိုဂါဆန်ကို နိုက်ဂျီးရီးယား ခံစစ်ကြောင်းက ဖျက်ပုံကြမ်းခဲ့တာကြောင့် ဒိုင်က ပင်နယ်တီ သတ်မှတ်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင်က အစောပိုင်းမှာ ဂိုးလွန်ဘော အဖြစ်သာ သတ်မှတ်ခဲ့ပေမယ့် အိုက်စ်လန် ကစားသမားတွေရဲ့ ဖိအားပေး တောင်းဆိုမှုကြောင့် ဗီဒီယို ပြန်ကြည့်ပြီး ပင်နယ်တီအဖြစ် ဆုံးဖြတ်ချက် ပြောင်းလဲခဲ့တာပါ။

အဲဒီပင်နယ်တီဟာ အိုက်စ်လန်အတွက် လက်ကျန် မျှော်လင့်ချက် ဖြစ်လာနိုင်ပေမယ့် ကွင်းလယ် ဖန်တီးရှင် ဂိုင်ဖီလ် ဆီဂါ့ဒ်ဆန်က ဂိုးဘားတန်း ကျော်ထွက်သွားအောင် ကန်မိခဲ့ပါတယ်။ နောက်ဆုံးမိနစ်တွေမှာတော့ နိုက်ဂျီးရီးယားက ခံစစ်ကို အထိုင်ချပြီး တန်ပြန် တိုက်စစ်တွေနဲ့ အိုက်စ်လန်ကို ဂိုးထပ်သွင်းဖို့ ကြိုးစားရင်း ပွဲပြီးခဲ့ပါတယ်။ အခုပွဲ ရလဒ်ကြောင့် နိုက်ဂျီးရီးယားဟာ အာဂျင်တီးနားကို သရေ ကစားနိုင်ရင် အုပ်စုအဆင့်က လွတ်မြောက်တော့မှာ ဖြစ်ပါတယ်။

Saturday, June 23, 2018