7DayTVရဲ့ည၇နာရီသတင်းတိုက်ရိုက်ထုတ်လွှင့်မှု7PMNews

Sat, 2018-06-23 20:20 -- Nwe Mon Phyo

ဇွန် - ၂၃ ၊၂၀၁၈

၁။ ကြားဖြတ်ရွေးကောက်ပွဲနေရာအကုန်နိုင်မှ ၂၀၂၀ မှာ ထပ်အနိုင်ရမယ်လို့ ဒီချုပ်ဆို

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာအားလုံးအောင်နိုင်မှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ထပ်နိုင်မှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှု ဆောင် ဦးညီပုက ဆိုလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ ပါတီရဲ့ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ သဘာပတိမိန့်ခွန်းကို ပြော ကြားရာမှာ ဦးညီပု က ထည့်သွင်းပြောခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ နိုင်ငံ့တာဝန်တွေကို လွှဲပြောင်းတာဝန်ယူခဲ့တဲ့ အချိန်ကစလို့ စိန်ခေါ်မှုများ၊အခက်အခဲများ၊ဖိအားများကို ရင်ဆိုင်ဖြေရှင်းနေရဆဲဖြစ်တယ်လို့လည်း သဘာပတိမိန့်ခွန်းမှာထည့်သွင်းပြောခဲ့ပါတယ်။

ဒါ့အပြင် ပါတီ၊အစိုးရ၊လွှတ်တော် ကဏ္ဍကြီးသုံးရပ်အနေနဲ့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ဖို့၊ အချင်းချင်းအပြန်အလှန်လေးစားယုံကြည်မှုနဲ့ဆောင်ရွက်ဖို့အတွက်လည်း ပြောကြားခဲ့ပါတယ်။

ညီလာခံမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့နိုင်ငံရေးအစီရင်ခံစာ၊ စည်းရုံးရေးအစီရင်ခံစာ၊ လစ်လပ်နေတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ရွေးချယ်မှု၊ ဗဟိုကော်မတီဝင်များနဲ့အရံကော်မတီဝင်များရွေးချယ်တာတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့နိုင်ငံရေးအစီရင်ခံစာမှာအစိုးရရဲ့ဦးစားပေးရည်မှန်းချက်တွေကိုအကောင်အထည်ဖော်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေး၊ဒီမိုကရေစီအရေးနဲ့၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး၊ ၂၀၂၀အထွေထွေရွေးကောက်ပွဲအောင်နိုင်ရေး၊ ခိုင်မာအားကောင်းတဲ့အဖွဲ့ချုပ်ကိုစနစ်တကျတည်ဆောက်ရေး၊အဖွဲ့ချုပ်အစိုးရရဲ့မူဝါဒနဲ့လုပ်ငန်းများကိုဝန်းရံရေးတို့ကို ရှေ့လုပ်ငန်းစဉ်တွေအဖြစ်ထည့်သွင်းထားပါတယ်။

အခုညီလာခံကိုတိုင်းနဲ့ပြည်နယ်အသီးသီးကရွေးချယ်စေလွှတ်လိုက်တဲ့ကိုယ်စားလှယ်ပေါင်းတစ်ထောင်ကျော်တက်ရောက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ပါတီဒုတိယဥက္ကဌနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ သဘာပတိအဖွဲ့ဝင်တွေ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ၊ လွှတ်တော်ဥက္ကဌတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီချုပ်ပါတီ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာညီလာခံကို ဇွန်၂၃နဲ့၂၄ နှစ်ရက်တာပြုလုပ်သွားမှာဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကိုတော့ လာမယ့် နိုဝင်ဘာလ ၃ ရက်မှာ ကျင်းပမှာဖြစ်ပြီး လစ်လပ်မဲဆန္ဒနယ်ကတော့ ၁၃ နေရာရှိပါတယ်။

၂။ ရန်ကုန်မြို့သစ်ဖွံဖြိုးရေးကုမ္ပဏီဟာ ရင်းနှီးမြှုပ်နှံသူတွေလာအောင်ဖိတ်ခေါ်ဖို့ဖွဲ့ထားတာဖြစ်တယ်လို့ဆို

မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်မယ့် ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) ဟာ စီမံကိန်းအတွက် လိုအပ်တဲ့ ငွေကြေး အရင်းအနှီးရှာဖွေဖို့နဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်တဲ့ အစိုးရ ပိုင် ကုမ္ပဏီတစ်ခု သာဖြစ်တယ်လို့ NYDC ရဲ့ ဒုဥက္ကဌ နဲ့ အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေက ပြောလိုက်ပါတယ်။

ဒီကနေ့ မှာ ရန်ကုန်မြို့က ကုန်သည်စက်မှု အသင်းချုပ်မှာ ပြုလုပ်တဲ့ NYDC Town Hall ဆွေးနွေးပွဲ မှာ ဦးသိမ်းဝေက ပြောခဲ့တာပါ။

ပြည်ထောင်စုအစိုးရ က တိုင်းနဲ့ပြည်နယ်တွေကို ချပေးတဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေ ထဲက အမေရိကန် ဒေါ်လာ ၇ ဒသမ ၅ သန်းကို အရင်းအနှီးပြု ကာ ရန်ကုန်တိုင်းအစိုးရ NYDC ကို ပြီးခဲ့တဲ့ မတ်လအတွင်းက တည်ထောင်ခဲ့တာပါ။

ဒီလိုတည်ထောင်လိုက်ချိန်မှာ အစိုးရ ကိုယ်တိုင် တည်ထောင်တဲ့ကုမ္ပဏီဖြစ်နေတဲ့အပြင် မြို့သစ်စီမံကိန်း အပေါ်ကိုလည်း ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ NYDC ဟာ လုပ်ငန်းတွေကို ဝင်လုပ်မှာမဟုတ်ဘဲ ဥပမာအားဖြင့် တံတားဆောက် မယ် ၊ လမ်းဖောက်မယ်ဆိုရင် ပုဂ္ဂလိက ကဏ္ဍက သာ လုပ်ဆောင်မှာဖြစ်ပြီး NYDC က လုပ်ငန်း တွေ အောင်မြင်အောင်ပဲ ကူညီပေးနေတာလို့ ဦးသိမ်းဝေက ဆိုပါတယ်။

NYDC ဟာ ရန်ကုန်မြစ်တစ်ဖက်ကမ်းမှာ မြေဧက နှစ်သောင်းမှာ ပထမအဆင့်အနေနဲ့ မြို့သစ်စီမံကိန်း တည်ဆောက်ဖို့ရည်ရွယ်ထားတာပါ။

Yoma Strategic Holdings ရဲ့ ဥက္ကဌ ဖြစ်တဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် Mr. Serge Pun ခေါ် ဦးသိမ်းဝေကတော့ NYDC မှာ ဒုဥက္ကဌအဖြစ်တာဝန်ယူထားပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းဟာ အနည်းဆုံး လူဦးရေ သုံးသန်းကျော် နေထိုင်နိုင်မယ့်အပြင် အလုပ်အကိုင်အခွင့်အလမ်းနှစ်သန်း ဖန်တီးပေးနိုင်မယ်လို့ ရန်ကုန်တိုင်းအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

၃။လူဦးရေ ငါးရာကျော်ပါဝင်ခဲ့တဲ့ ယောဂ နေ့ အခမ်းအနား ကျင်းပ

အပြည်ပြည်ဆိုင်ရာယောဂနေ့အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဦးစီးကျင်းပတာဖြစ်ပြီး ယောဂကစားသူပေါင်း ငါးရာကျော်ပါဝင်သရုပ်ပြခဲ့တယ်လို့ သိရပါတယ်။

ယောဂ ကစားသူ ဦးရေ ငါးရာကျော်ပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက သုဝဏ္ဏအားကစားရုံမှာ ကျင်းပခဲ့တာပါ။

အိန္ဒိယသံရုံးက ဦးစီကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံမှာ ရှိတဲ့ ယောဂ အဖွဲ့အစည်း ၁၆ ဖွဲ့ကပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

ယောဂအားကစားနည်းဟာ လူသားနဲ့ သဘာဝ ထပ်တူညီပြီး ကျန်းမာရေးအောင်းကောင် အထောက် အကူ ပြု တဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုးဖြစ်ပါတယ်။

ဒီကနေ့ အခမ်းအနားမှာတော့ အခြေခံ ယောဂ ကျင့်စဉ်တွေကို သရုပ်ပြ ကစားခဲ့ကြပါတယ်။

အပြည်ပြည်ဆိုင်ရာယောဂ နေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပနေတာဖြစ်ပြီး ဒီကနေ့ ကနေ့ တော့ ရန်ကုန်မြို့မှာ စတုတ္ထအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ အခမ်းအနားကိုကျင်းပခဲ့တာပဲဖြစ်ပါတယ်။

၎။ဒေါ်အောင်ဆန်းစုကြည်ရဲ့စားဖိုမှူးဟောင်း ဦးနှောက်သွေးခဲပြီး ဆေးရုံကြီးမှာကုသမှု ခံယူနေ

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ် ချုပ် ကျနေတဲ့ ကာလတွေမှာ အဝယ်တော်နဲ့ အစားအသောက် နေ့ စဉ် ပို့ ရသူအဖြစ်တာဝန်ယူခဲ့သူ ဖိုးလေးဟာ ဦးနှောက်သွေးကြောပေါက်ပြီးသွေးခဲကာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ဖိုးလေးကို မနေ့က ဇွန်လ ၂၂ ရက်မှာ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကုသပေးခဲ့တာလို့ ဒီချုပ်ပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောပါတယ်။

အဓိကဦးနှောက်သွေးကြောမဟုတ်ပေမယ့် သွေးကြောလေးတွေပေါက်ပြီး သွေးခဲနေတာဖြစ်တယ်လို့လည်း ဦးရန်အောင်ဆီက သိရပါတယ်။

ဖိုးလေးအတွက် အကူအညီတွေလည်းလိုအပ်နေပြီး ဒီချုပ်ပါတီအနေနဲ့လည်း အကူအညီပေးဖို့ရှိတယ်လို့ ဦးရန်အောင်ကပြောပါတယ်။

၁၉၈၈၊၈၉ခုနှစ်ပိုင်းတွေမှာ ဖိုးလေးဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လူငယ်အဖွဲ့မှာပါဝင်လှုပ်ရှားခဲ့ပြီး ထိန်းသိမ်းခံခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။

၁၉၉၀ခုနှစ်မှာပြန်လည်လွတ်မြောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ် ချုပ် ကျနေတဲ့ကာတွေမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် အဝယ်တော်နဲ့ အစားအသောက် နေ့စဉ်ပို့ရသူ အဖြစ် တာဝန်ယူခဲ့ရသလို စားဖိုမှူးပါ လုပ်ပေးခဲ့ဖူးသူဖြစ်ပါတယ်။

လက်ရှိမှာတော့ ဖိုးလေးဟာ အလုံမြို့နယ်မှာ ဦးလေးနဲ့အတူနေထိုင်နေတယ်လို့လည်းသိရပါတယ်။

၅။ကွန်ဂိုမှာ အီဘိုလာ ကူးစက်မှု တားဆီးတိုက်ဖျက်ရေး အခြေအနေ တိုးတက်လာ

ကွန်ဂိုနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကို တားဆီး ထိန်းချုပ်နိုင်မှု အခြေအနေ တိုးတက် ကောင်းမွန်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာခဲ့ပါတယ်။

သေနှုန်းမြင့်မားတဲ့ ကာလဝမ်းရောဂါဆန်ဆန် ကူးစက်ရောဂါဟာ ပြီးခဲ့တဲ့ ၁၀ ရက်တာအတွင်း နောက်ထပ် ဖြစ်ပွားမှုသတင်း မကြားရတော့ဘူးလို့ WHOက ဆိုပါတယ်။ ဒါပေမဲ့ အပြည့်အဝ စိတ်ချရတဲ့ အခြေအနေကိုတော့ မရောက်သေးပါဘူး။

တကယ်လို့ ဇူလိုင်လ ကုန်ဆုံးချိန်ထိ အီဘိုလာ ထပ်မံဖြစ်ပွားမှု မရှိတော့ဘူး ဆိုရင်တော့ ကွန်ဂိုမှာ ရောဂါကင်းစင်သွားပြီလို့ WHOက ကြေညာဖွယ် ရှိနေပါတယ်။

နိုင်ငံ အနောက်မြောက်ပိုင်းမှာ ရောဂါပိုးရှိသူ လူနာကို စတင် တွေ့ရှိခဲ့တဲ့နောက် ကူးစက်ခံရသူ ၃၈ ဦးမှာ ၂၈ ဦးထိ အသက်ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ နောက်ထပ် လူနာအသစ်တွေ တိုးပွားမလာတော့ပါဘူး။

ကွန်ဂိုမှာ ၁၉၇၆ ခုနှစ်နောက်ပိုင်း အီဘိုလာရောဂါ ကူးစက်မှုတွေ ဖြစ်ပွားတာ ၉ ကြိမ်ထိ ရှိခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

Saturday, June 23, 2018