ကွန်ဂိုမှာ အီဘိုလာ ကူးစက်မှု တားဆီးတိုက်ဖျက်ရေး အခြေအနေ တိုးတက်လာ

Sat, 2018-06-23 20:25 -- Nwe Mon Phyo

ဇွန် - ၂၃ ၊၂၀၁၈

ကွန်ဂိုနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကို တားဆီး ထိန်းချုပ်နိုင်မှု အခြေအနေ တိုးတက် ကောင်းမွန်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာခဲ့ပါတယ်။


သေနှုန်းမြင့်မားတဲ့ ကာလဝမ်းရောဂါဆန်ဆန် ကူးစက်ရောဂါဟာ ပြီးခဲ့တဲ့ ၁၀ ရက်တာအတွင်း နောက်ထပ် ဖြစ်ပွားမှုသတင်း မကြားရတော့ဘူးလို့ WHOက ဆိုပါတယ်။ ဒါပေမဲ့ အပြည့်အဝ စိတ်ချရတဲ့ အခြေအနေကိုတော့ မရောက်သေးပါဘူး။

တကယ်လို့ ဇူလိုင်လ ကုန်ဆုံးချိန်ထိ အီဘိုလာ ထပ်မံဖြစ်ပွားမှု မရှိတော့ဘူး ဆိုရင်တော့ ကွန်ဂိုမှာ ရောဂါကင်းစင်သွားပြီလို့ WHOက ကြေညာဖွယ် ရှိနေပါတယ်။

နိုင်ငံ အနောက်မြောက်ပိုင်းမှာ ရောဂါပိုးရှိသူ လူနာကို စတင် တွေ့ရှိခဲ့တဲ့နောက် ကူးစက်ခံရသူ ၃၈ ဦးမှာ ၂၈ ဦးထိ အသက်ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ နောက်ထပ် လူနာအသစ်တွေ တိုးပွားမလာတော့ပါဘူး။

ကွန်ဂိုမှာ ၁၉၇၆ ခုနှစ်နောက်ပိုင်း အီဘိုလာရောဂါ ကူးစက်မှုတွေ ဖြစ်ပွားတာ ၉ ကြိမ်ထိ ရှိခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

Saturday, June 23, 2018