တောင်ကိုရီးယားကို ခြေစွမ်းအသာနဲ့ အနိုင်ယူခဲ့တဲ့ မက္ကဆီကို

Sun, 2018-06-24 14:04 -- Nwe Mon Phyo

မက္ကဆီကို အသင်းဟာ တောင်ကိုရီးယားကို ခြေစွမ်း အသာစီးနဲ့ ယှဉ်ပြိုင်ကစားပြီး နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ယူခဲ့တဲ့နောက် အုပ်စုအဆင့်က လွတ်မြောက်ဖို့ သေချာသလောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အုပ်စု အဖွင့်ပွဲစဉ်မှာ ဆွီဒင်ကို အရေးနိမ့်ထားတဲ့ တောင်ကိုရီးယားဟာ အခုပွဲမှာ အမှတ်ရဖို့ ကြိုးစားခဲ့ပေမယ့် နှစ်ပွဲဆက်တိုက် ပင်နယ်တီ ပေးခဲ့ရပြီး နောက်ထပ် ရှုံးပွဲတစ်ပွဲ ထပ်တွေ့ခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယား အနေနဲ့ မက္ကဆီကိုရဲ့ မြန်နှုန်းမြင့် တောင်ပံတိုက်စစ်တွေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကို တွေ့ရပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာ မက္ကဆီကိုရဲ့ တိုက်စစ်ကို ထိန်းချုပ်ရင်း တောင်ကိုရီးယား ခံစစ်မှူးက ဧရိယာထဲမှာ ဘောလုံးနဲ့လက် ထိခဲ့တာကြောင့် ပင်နယ်တီ ပေးခဲ့ရပါတယ်။ အဲဒီပင်နယ်တီကို မက္ကဆီကို တောင်ပံတိုက်စစ်သမား ကားလို့စ်ဗီလာက အမှားအယွင်းမရှိ ကန်သွင်းပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။

မက္ကဆီကိုအတွက် ဒုတိယ ဂိုးကိုတော့ ၆၆ မိနစ်မှာ တန်ပြန်တိုက်စစ်ကတဆင့် ဟာဗင် လိုဇာနို ဘောလုံးဆွဲပြေးလာပြီး ချပေးတာကို တိုက်စစ်မှူး ဟာဗီးယား ဟာနန်ဒက်ဇ်က ပြိုင်ဘက် နောက်တန်းလူ တစ်ယောက်ကို ခြေယောင်ပြ လိမ်ခေါက်ပြီး ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မိနစ် ၉၀ ဝန်းကျင် သွင်းဂိုးတွေ မကြာခဏ တွေ့မြင်နေခဲ့ရတဲ့ မှတ်တမ်းက အခုပွဲစဉ်မှာလည်း အကျုံးဝင်ခဲ့ပြီး နာကျင် အပိုဆောင်းချိန်မှာ ယောင်လီ ပေးပို့တဲ့ ဘောလုံးကို ဟောင်မင်ဆွန်းက ဘယ်ခြေကန်ချက်နဲ့ အဝေးကနေ လှလှပပ ကန်သွင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယား အနေနဲ့ နောက်ထပ် ချေပဂိုး ထပ်ရအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့နောက် ကမ္ဘာ့ဖလား ပြိုင်ပွဲကို စောစောစီးစီးပဲ နှုတ်ဆက် ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ အခုပွဲစဉ်ကို တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းကိုယ်တိုင် လာရောက် အားပေးခဲ့တာကိုလည်း တွေ့ရပါတယ်။

Sunday, June 24, 2018