ချန်ပီယံဆု ကာကွယ်ဖို့ လမ်းကြောင်းမှန်ပေါ် ပြန်တက်လာတဲ့ ဂျာမနီ

Sun, 2018-06-24 14:28 -- Nwe Mon Phyo

ဇွန်-၂၄၊ ၂၀၁၈
ဂျာမနီ အသင်းဟာ ဆွီဒင်ကို အနိုင်ကစားပြီး ကမ္ဘာ့ချန်ပီယံ ဘွဲ့ကို ကာကွယ်ဖို့အတွက် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုပွဲစဉ်မှာ ဂျာမနီဟာ တစ်ယောက်လျော့ အနေအထားကြောင့် စိုးရိမ်စရာ ဖြစ်ခဲ့သေးသလို ဆွီဒင်ကိုလည်း ဦးဆောင်ဂိုးပေးပြီး နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။


ပွဲချိန် ၃၂ မိနစ်မှာ ဆွီဒင်က အဖွင့်ဂိုး စတင်သွင်းယူပါတယ်။ ဗစ်တာကလက်ဆန် ချပေးလိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး အိုလာ တွိုင်ဗိုနန်က ဂျာမန်ဂိုးသမား မန်နျူရယ်လ် နော်ဝါ အပေါ်ကနေ အသာအယာ ကျော်ကန်ပြီး ဂိုးသွင်းသွားတာ ဖြစ်ပါတယ်။ ဒီဂိုးကြောင့် ဂျာမနီအသင်း ဖိအားဝင်သွားပြီး တိုက်စစ်ကို ပိုအားထည့် ကစားလာခဲ့ပါတယ်။ ဒါပေမဲ့ ပထမပိုင်း ပြီးဆုံးချိန်ထိတော့ ဆွီဒင်ကပဲ တစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ၃ မိနစ် အကြာမှာတော့ မာရီယိုဂိုမက်ဇ်ရဲ့ ပေးပို့မှုကို မာကိုရူးစ်က ကန်သွင်းပြီး ဂျာမနီအသင်း ချေပဂိုး ရခဲ့တယ်။ ပွဲချိန် ၈၁ မိနစ်မှာတော့ ဂျာမနီ နောက်ခံလူ ဂျရိုမီ ဘိုတန်က မားကက်စ်ဘက်ဂ်ကို နောက်ကနေ လူချသလို ဖြစ်ခဲ့ရာက ဒုတိယ အဝါကတ် အပြခံရပြီး ကွင်းထဲကနေ ထွက်ခွာသွားရပါတယ်။ အဲဒီအချိန်ထိ ဂျာမနီဟာ ဘောလုံးပိုင်ဆိုင်မှု ၇၁ ရာခိုင်နှုန်းထိ ရရှိပြီး ဆွီဒင်ကို တရစပ် တိုက်စစ်ဆင်နေခဲ့ပါတယ်။

သရေနဲ့ ပွဲပြီးပြီလို့ အားလုံးက ထင်မှတ်နေချိန်မှာ အခုနှစ် ကမ္ဘာ့ဖလားရဲ့ မိနစ် ၉၀ ကျော်မှာ သွင်းဂိုးတွေ ရလေ့ရှိတဲ့ အစဉ်အလာအတိုင်း ဂျာမနီက နာကျင် အပိုဆောင်းချိန် ၅ မိနစ်မှာ အနိုင်ဂိုး ရသွားပါတယ်။ ပြစ်ဒဏ်ဘောကို ရူးစ်နဲ့ အနီးကပ် အပေးအယူလုပ်ပြီး ကွင်းလယ်လူ တိုနီခရူးစ်က လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဂျာမနီ အနေနဲ့ အုပ်စုအဖွင့် ပွဲစဉ်မှာ မက္ကဆီကို အသင်းကို မထင်မှတ်ဘဲ အရေးနိမ့်ခဲ့တဲ့နောက် အခုပွဲမှာ ၃ မှတ် ရယူနိုင်ခဲ့တဲ့အတွက် ရှုံးထွက်အဆင့် တက်ရေး မျှော်လင့်ချက် ပြန်ရှင်သန်လာပြီး ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ခုကို အစပြုလိုက်နိုင်တာလည်း ဖြစ်ပါတယ်။

Sunday, June 24, 2018