ရန်ကုန်ရဲ့ရတနာ နှစ်ပေါင်း ၁၃၀ ကျော် သက်တမ်းရှိတဲ့ စိန်ပေါလ်ကျောင်းရဲ့ ရာဇဝင်

Thu, 2018-07-12 15:02 -- Nwe Mon Phyo

ဇူလိုင်-၁၂၊၂၀၁၈

ကိုလိုနီလက်ကျန်ဗိသုကာအမွေအနှစ်တွေနဲ့အတူ ရန်ကုန်ရဲ့ သမိုင်းအမွေအနှစ်အလှအပတွေဟာ မြို့ပြဖွံ့ဖြိုးတိုးတက်မှုအောက်မှာ ကျားကန်ပြီးတည်ရှိနေနိုင်သေးတာကိုက ရန်ကုန်သူ၊ရန်ကုန်သားတွေအတွက်ရော မြန်မာနိုင်ငံသူ၊နိုင်ငံသားတွေအတွက်ပါ ဂုဏ်ယူတန်ဖိုးထားစရာ ဖြစ်ပါတယ်။ ဒီလိုအမွေအနှစ်တွေကို တန်ဖိုးထားထိတွေ့လေ့လာမှတ်သားနိုင်ဖို့ ရန်ကုန်ရဲ့ရတနာ Yangon’s Treasure အစီအစဉ်ကို ကြာသပတေးနေ့ မနက်တိုင်းမှာ 7Day TV က တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
စိန်ပေါလ်ကျောင်းဟာ ၁၉ ရာစုခန့်က ထင်ရှားကျော်ကြားခဲ့တဲ့ သာသနာပြုကျောင်းတွေကို ကိုယ်စားပြုတဲ့ အထင်ကရ ဥပမာတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့အကြီးဆုံးရိုမန်ကက်သလစ်ဘုရားရှိခိုးကျောင်းဖြစ်တဲ့စိန်မေရီဘုရားကျောင်းဝင်းရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

မူလစိန်ပေါလ်အထက်တန်းကျောင်းကိုမြန်မာနိုင်ငံမှာပညာရေးနဲ့ခရစ်ယာန်သာသာနာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့တဲ့ ဘုန်းတော်ကြီး ပေါလ်ဘီဂန်းဒက် (Paul Bigandet) က ကာလကတ္တား က (De La Salle Brothers) ဒီလာဆဲလ်ညီအစ်ကိုတွေ ရဲ့ အကူအညီနဲ့ တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။

မော်လမြိုင်မြို့မှာ စိန်ပထရစ်ကျောင်းကို ဖွင့်လှစ်ပြီးနောက် ဒီလာဆဲလ် ညီအစ်ကိုတွေဟာ ရန်ကုန်မြို့ကို ပြောင်းရွှေ့လာပြီး ၁၈၆၀ ခုနှစ် သြဂုတ်လမှာ စိန်ပေါလ် ယောက်ျားလေးကျောင်းကို ဘုန်းတော်ကြီး ပေါလ်ဘီဂန်းဒက်ရဲ့ နေအိမ်အနီး မဟာဗန္ဓုလပန်းခြံလမ်း မှာ သစ်သားကျောင်းဆောင်ငယ်အဖြစ် စတင်တည်ဆောက်ခဲ့ပါတယ်။

အဲ့ဒီနောက် ကျောင်းသားတွေ တစ်စတစ်စ များပြားလာခဲ့ပြီး ၁၈၈၆ ခုနှစ်မှာတော့ လက်ရှိနေရာဖြစ်တဲ့ အနော်ရထာလမ်းနှင့် သိမ်ဖြူလမ်းထောင့်မှာ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါတယ်။

လက်ရှိကျောင်းအဆောက်အအုံကို ၁၈၈၅ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၈၈၆ ခုနှစ် မေလမှာ စတင်အသုံးပြုခဲ့တာကြောင့် သက်တမ်းအနေနဲ့ နှစ်ပေါင်း တစ်ရာ့သုံးဆယ်ကျော် ရှိခဲ့ပြီဖြစ်ပါတယ်။

၁၉၀၀ခုနှစ်နဲ့ ၁၉၀၈ ခုနှစ်ကြားမှာ တိုးချဲ့ဆောင်၂ ခုကို ထပ်မံတည်ဆောက်ခဲ့ပြီးကျောင်းရဲ့ ပုံစံဟာ အင်္ဂလိပ်အက္ခရာ U ပုံသဏ္ဍာန် ဖြစ်လာခဲ့ပါတယ်။

၁၉၃၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ စာသင်ဆောင်နဲ့ ထမင်းစားဆောင်တွေကို ထပ်မံတိုးချဲ့ခဲ့ပါတယ်။

တိုးချဲ့ဆောင်တွေကိုအဲ့ဒီခေတ်ကနာမည်ကျော်ဗိသုကာThomasSwalesကပုံစံရေးဆွဲပေးခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက်၁၉၆၅ခုနှစ်မှာစိန်ပေါလ်အထက်တန်းကျောင်းကိုဆိုရှယ်လစ်အစိုးရကအခြားသာသနာပြုကျောင်းတွေနဲ့အတူ ပြည်သူပိုင် သိမ်းယူခဲ့ပြီး အခြေခံပညာ အထက်တန်းကျောင်း အမှတ် (၆) ဗိုလ်တထောင် အဖြစ် နာမည်ပြောင်းလဲခဲ့ပါတယ်။

အထက(၆)ဗိုလ်တထောင်(စိန်ပေါလ်ကျောင်း)ဟာဗိုလ်ချုပ်အောင်ဆန်းနဲ့အတူဝန်ကြီးများရုံးမှာလုပ်ကြံခံခဲ့ရတဲ့ဒီးဒုတ်ဦးဘချိုအပါအဝင်ထင်ရှားတဲ့ခေါင်းဆောင်တွေ၊အသိပညာရှင်၊အတတ်ပညာရှင်တွေနဲ့အနုပညာရှင်များစွာကို မွေးထုတ်ပေးခဲ့တဲ့ကျောင်း ဖြစ်ပါတယ်။

Thursday, July 12, 2018