News Update

Thu, 2018-07-12 15:08 -- Nwe Mon Phyo

၁။ ပြည်သူ့ပါတီအမည်ကို ကန့်ကွက်လိုရင် ၇ ရက်အတွင်းကန့်ကွက်နိုင်တယ်လို့ UEC ကြေညာ

ဦးကိုကိုကြီးဦးဆောင်တဲ့ ရှစ်လေးလုံး ပြည်သူ့ပါတီ ရဲ့ အမည်ဟာ ကန့်ကွက်ခံရတာကြောင့် ပြည်သူ့ပါတီ လို့ အမည်ပြောင်းလဲ ပြီးလျှောက်ထားလာတာကို ကန်ကွက်လိုတဲ့သူတွေရှိရင် ခုနှစ်ရက်အတွင်း ကန့်ကွက် နိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဒီကနေ့မှာ ကြေညာလိုက်ပါတယ် ။

ရှစ်လေးလုံးပြည်သူ့ပါတီ လို လျှောက်ထားခဲ့စဉ်က ပါတီရဲ့ အမည် ၊ အလံ နဲ့ တံဆိပ် တွေကို ကန့်ကွက် မှု တွေရှိခဲ့တာကြောင့် ပါတီ အမည်ကို ပြည်သူ့ပါတီလို့ ပြောင်းလဲခွင့်ပြု ဖို့ ဇူလိုင်လ ၉ ရက်မှာ လျှောက်ထားလာတယ်လို့ ကော်မရှင်က ဆိုထားပါတယ်။

ဒီလို ပြည်သူ့ပါတီ လို့အမည်နဲ့ ပါတီ အလံ ၊ တံဆိပ် တွေကို ကန့်ကွက်လိုရင် ခုနှစ်ရက်အတွင်း ခိုင်လုံ တဲ့ အထောက်အထား တွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လာရောက်ပြီး ကန့်ကွက်နိုင် တယ်လို့ ကြေညာထားတာပါ ။
၈၈ မျိုးဆက်တွေပါဝင်တဲ့ ပါတီအမည်ကို ကနဦးက ရှစ်လေးလုံးပါတီ လို့ အမည်ပေးခဲ့တာ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးကို အပိုင်သိမ်းလိုက်တာနဲ့ တူတယ်လို့ ဝေဖန်မှုတွေရှိခဲ့တာပါ။
အဲဒီလိုကန့်ကွက်တာကြောင့် ရှစ်လေးလုံးပြည်သူ့ပါတီလို့ အမည်ပြောင်းလဲပြီး ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့ရာမှာ တော့ ပါတီတည်ထောင်ခွင့် ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြု ပေးခဲ့ပြီး ပါတီမှတ်ပုံ လျှောက် တဲ့အချိန်မှာ ကန့်ကွက်မှု ထပ်မံ ကြုံခဲ့ရတာပါ။
အဲဒီနောက်မှာတော့ ပြည်သူပါတီ လို့အမည်ပြောင်းလဲပြီးလျှောက်ထားဖို့ကို ဇူလိုင်လ ၈ ရက်နေ့မှာ ဦးကိုကိုကြီးပါဝင်တဲ့ နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ က အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ချ က်ချခဲ့ကြတာပဲဖြစ်ပါတယ်။
မြန်မာ နိုင်ငံရေး မှာ အင်အားကြီး ပါတီတွေအဖြစ် အာဏာရပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ခိုင်ဖြိုးပါတီတို့ရှိနေပြီး ဦးကိုကိုကြီးဦးဆောင်တဲ့ပါတီကိုတော့ တတိယအင်အားကြီးပါတီ ဖြစ်လာမယ်လို့ သုံးသပ်ခန့်မှန်းတာတွေရှိနေပါတယ်။

၂။ ၂၁ ပင်လုံတတိယအကြိမ် အစည်းအဝေး ဒုတိယနေ့ ဆက်ကျင်းပ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ( ၂၁ )ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေး ဒုတိယနေ့ အစည်းအဝေးတွေကို ဆက်ကျင်းပနေပါတယ်။

ဒီကနေ့ ဒုတိယနေ့အစည်းအဝေးမှာတော့ အစိုးရ၊ လွှတ်တော် ၊ တပ်မတော်နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ( NCA )မှာပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေ ၊ နိုင်ငံရေးပါတီတွေဟာအစုအဖွဲ့အလိုက်ဆွေးနွေးမှုတွေကိုပြုလုပ်နေကြပါတယ်။
မနေ့က အစည်းအဝေးဖွင့်ပွဲမှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ( UPDJC) က နိုင်ငံ ရေး ၊လူမှုရေး ၊စီးပွားရေး ၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်းဆိုင်ရာမူဝါဒ ကဏ္ဍ လေးရပ်ကနေ ညီလာခံမှာ ဆွေးနွေးရမယ့် အချက် ၁၄ ချက်ကို စာတမ်းတင်ပြထားပါတယ် ။

၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးတွေကို ဇူလိုင်လ ၁၁ ရက်က စပြီးခြောက်ရက်ကြာ ကျင်းပနေတာပါ။

Thursday, July 12, 2018