မတူညီတဲ့နယ်ပယ်က ပညာရပ်တွေကိုဖလှယ်နိုင်ဖို့ ကျောင်းသားပွဲတော် ကျင်းပ

Thu, 2018-07-12 17:16 -- Nwe Mon Phyo

ဇူလိုင် - ၁၂ ၊၂၀၁၈

တက္ကသိုလ်ကျောင်းသားသမဂ္ဂခုနှစ်ခုကနေ ဦးစီးလုပ်ဆောင်တဲ့ ကျောင်းသားပွဲတော် Student Show 2018ကို Myanmar Convention Centerမှာ ဒီကနေ့စတင်ကျင်းပနေပြီဖြစ်ပါတယ်။


ဒီပွဲတော်ဟာ ဒုတိယအကြိမ်မြောက်ပြုလုပ်တာဖြစ်ပြီး ဇူလိုင်လ၁၃ရက်အထိ နှစ်ရက်တာကျင်းပသွားမှာပါ။

တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေက ကျောင်းသားကျောင်းသူတွေအနေနဲ့ မတူညီတဲ့နယ်ပယ်တွေက ပညာရပ်တွေကို တစ်နေရာတည်းမှာဖလှယ်နိုင်ဖို့ နဲ့ တစ်ဦးချင်းစီ ကိုယ်ပိုင်စွမ်းရည်တွေကို ထုတ်ဖော်ပြသနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီပွဲတော်ကို ကျင်းပတာဖြစ်တယ်လို့သိရပါတယ်။
အင်တာဗျူး။ ။မောင်အောင်ချမ်းမြင့်(ကျောင်းသားပွဲတော်ရဲ့တာဝန်ရှိသူတစ်ဦး)
(ဒီပွဲမှာ entertainmentတွေပါမယ် နောက်အပေါ်ထပ်မှာဆို Art Show၊Presentation,Panel Discussionတွေစတဲ့ ကဏ္ဍတွေပါပါတယ် နောက်တခုအနေနဲ့ အခြေခံပညာကျောင်းသားကျောင်းသူတွေအတွက်တက္ကသိုလ်မိတ်ဆက်ဆိုတဲ့ကဏ္ဍတစ်ခုထည့်သွင်းထားပါတယ် ဒီပွဲကို ကျောင်းသားတွေစီစဉ်တာဖြစ်တဲ့အတွက် ကျောင်းသားကျောင်းသူတွေရဲ့ လုပ်နိုင်စွမ်းတွေကို တနေရာတည်းမှာ စုစည်းပြီးတွေ့ရမှာပါ)
ကျောင်းသားပွဲတော်မှာ ကျောင်းသားကျောင်းသူတွေကိုယ်တိုင်ဖန်တီးထားတဲ့ project show၊Art Show၊Entertainment၊Presentation ၊Panel Discussionနဲ့ education and career opportunities mapစတဲ့ ကဏ္ဍတွေပါဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီပွဲတော်ကို တစ်နိုင်ငံလုံးက တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအပြင် အခြေခံပညာကကျောင်းသားကျောင်းသူတွေပါပါဝင်နိုင်ဖို့ဖိတ်ခေါ်ထားတယ်လို့သိရပါတယ်။
ဒီပွဲတော်ကို မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊သန်လျင်နည်းပညာတက္ကသိုလ်၊အမျိုးသားစီမံခန့်ခွဲမှု
ပညာဒီဂရီကောလိပ်၊ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ဒဂုံတက္ကသိုလ်၊ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နဲ့ရန်ကုန်စီးပွားရေးတက္ကသိုလ်ကကျောင်းသားသမဂ္ဂတွေပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။
၂၀၁၅ခုနှစ်က ကျောင်းသားပွဲတော်ကို ပထမဆုံးအကြိမ်စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကျောင်းသားကျောင်းသူအများအပြားတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Thursday, July 12, 2018