ဘန်ကောက်ရေခဲမုန့်

Mon, 2017-06-19 20:09 -- zaythu
ဒီတစ်ပတ်မှာ 7Day TV ရဲ့ street food အစီအစဉ်ကနေ ဘန်ကောက် ရေခဲမုန့်ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
မိုးရာသီနဲ့ ရေခဲမုန့် မလိုက်ဖက်ပေမယ့် နေပွင့်တဲ့ရက်တွေမှာတော့ သွားစာလို့ရပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံကနေ ဆင့်ပွားဆောင်ပြီး မြန်မာခံတွင်းနဲ့ လိုက်အောင် ရောင်းချပေးနေတဲ့ ဘန်ကောက် ရေခဲမုန့်ကတော့ အသစ်အဆန်းလို ဖြစ်နေတာပါ။
 
ကားတစ်စီးနဲ့ လသာမီးပွိုင့်ထိပ် ညဈေးတန်းမှာ ရောင်းချနေတဲ့ ဘန်ကောက် စတိုင် ရေခဲမုန့်က အုန်းမုန့်ခွက်ထဲကို စတော်ဘယ်ရီ အရသာ အခြေခံတဲ့ ရေခဲမုန့်ထည့်ပြီး၊ အုန်းသီးနုနု ၊ မြေပဲ ၊ ပြောင်းဖူးပြုတ် ၊ ပင်ပွား နဲ့ ဂျယ်လီ ကျောက်ကျောလေးတွေကို ထည့်ရောင်းချတာဖြစ်ပါတယ်။
 
ထိုင်းနိုင်ငံမှာ မူရင်းရောင်းတဲ့ပုံစံကတော့ အုန်းသီး အသားခွက်ထဲ ရေခဲမုန့်နဲ့ အချိုယိုစုံတွေ ထည့်ထားတဲ့ပုံစံပါ။ ဒီမှာကတော့ အုန်းသီးနုနုဆို ဈေးကြီးတဲ့အတွက်၊ လူတိုင်းစားဖြစ်တဲ့ နှုန်းထားတစ်ခု ဖြစ်နိုင်အောင်ရောင်းချနိုင်ဖို့ ၊ အုန်းမုန့်ခွက်ကို ထည့်စရာ အခံခွက်လုပ်ပြီး အုန်းသီးနုနု လေးတွေ ဖြူးပေးထားတာပါ။ အချိုထက် အစိမ့်ဘက်ကဲအောင် ပြင်ဆင်ရောင်းချတဲ့ အဲဒီ့ ရေခဲမုန့်က တစ်ခွက်ကိုတော့ ၁၅၀၀ ပါ။ 
 
အခုမေလထဲမှာမှ အစပျိုးရောင်းချနေတာကြောင့် နောက်ပိုင်း အရောင်းအဝယ် အဆင်ပြေလာရင်တော့ ဘန်ကောက်စတိုင် အတိုင်းရောင်းနိုင်အောင် ကြိုးစားသွားမှာလို့လည်း သိရပါတယ်။ အခြေခံရောင်းတဲ့ ရေခဲမုန့်က စတော်ဘယ်ရီ အရသာ သုံးထားပေမယ့် အော်ဒါလည်း လက်ခံပြီး စိတ်ကြိုက်အရသာနဲ့ ပြုလုပ်ပေးနေတယ်လို့လည်း ပြောပါတယ်။
 
 
ရုပ်သံသတင်းထောက်- ခင်ဝိုင်းဖြူဖြူ
Monday, June 19, 2017

Top News