ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ်က မြို့နယ်အချို့မှာ အင်တာနက်ဝန်ဆောင်မှု ကို ယာယီပိတ်သိမ်း

ရခိုင်ပြည်နယ် နဲ့ချင်းပြည်နယ် က မြို့နယ်အချို့ မှာ အင်တာနက် ဝန်ဆောင်မှု ကို ယာယီ ပိတ်သိမ်းလိုက်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက အတည်ပြု ပါတယ်။

မနေ့က ည က ၁၀ နာရီလောက်ကစပြီး ယာယီပိတ်သိမ်း ထားတာလို့ဆိုပါတယ်။

ဒီလို ယာယီ ပိတ်သိမ်း လိုက်တဲ့ မြို့နယ်တွေထဲမှာ ရခိုင်ပြည်နယ်က ရှစ်မြို့နယ်ပါဝင်ကာ ချင်းပြည်နယ်ကတော့တစ်မြို့နယ် ပါဝင်ပါတယ်။ ရခိုင်ပြည်နယ်က မောင်တော ၊ ဘူးသီးတောင် ၊ ရသေ့တောင် ၊ ပုဏ္ဏားကျွန်း ၊ မြောက်ဦး ၊ ကျောက်တော် ၊မင်းပြား နဲ့မြေပုံမြို့နယ် တို့ဖြစ်ပါတယ်။

ချင်းပြည်နယ်ကတော့ ပလက်ဝ မြို့နယ် လို့ သိရပါတယ်။

အဲဒီ မြို့နယ် ကိုးမြို့နယ် မှာ ဆက်သွယ်ရေး အော်ပရေတာ တွေဖြစ်တဲ့ MPT ၊ Mytel ၊ Telenor နဲ့ Ooredo တို့ရဲ့ ဒေတာနဲ့ အင်တာနက် ဝန်ဆောင်မှုတွေကို သာ ယာယီ ပိတ်သိမ်းလိုက်တာဖြစ်ပြီး တယ်လီဖုန်းခေါ်ဆိုတာ ၊ မက်ဆေ့ပို့တဲ့ဝန်ဆောင်မှုတွေတော့ အသုံးပြု နိုင်တယ်လို့ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက ဆိုပါတယ်။

“ပိတ်လိုက်တာကလည်း အများပြည်သူလုံခြုံရေးအခြေအနေအရ တည်ငြိမ်အေးချမ်းမှုပျက်တယ် တရာဥပဒေ စိုးမိုးမှု မကောင်းဘူးဖြစ်နေတာပေါ့ ၊ အဲဒီအခြေအနေပေါ်မူတည်ပြီးတော့အစိုးရအဖွဲ့ ရဲ့ ညွှန်ကြားချက်အရ လုပ်ရတာပါ “ လို့ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက ပြောပါတယ်။

အင်တာနက်ဝန်ဆောင်မှု ယာယီပိတ်သိမ်းထားတာကို ပြန်လည်ဖွင့်ပေးမယ့်အချိန်ကိုတော့ မသိရသေးဘူးလို့လည်းဆိုပါတယ်။

မြန်မာ့ဆက်သွယ်ရေး ဥပဒေပုဒ်မ ၇၇ မှာ တော့ အများပြည်သူအကျိုးအတွက် ဆောင်ရွက်ဖို့ အခြေအနေပေါက်ပေါက်တဲ့အခါ အစိုးရအဖွဲ့သဘောတူညီချက်နဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအားယာယီရပ်ဆိုင်းတာ ၊ဆက်သွယ်မှုအမျိုးအစားတစ်ရပ်ရပ်ကိုမပြုလုပ်ဖို့ ၊ တားဆီးထိန်းသိမ်းထားရှိဖို့ ၊ လိုအပ်တဲ့သတင်းအချက်အလက်နဲ့ဆက်သွယ်မှုရရှိနိုင်ဖို့ ၊ ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှုတွေနဲ့ ဆက်သွယ်ရေးပစ္စည်းတွေကို ယာယီထိန်ချုပ်သုံးစွဲဖို့အတွက် လုပ်ငန်းလိုင်စင်ရရှိသူကို ဝန်ကြီးဌာနအနေနဲ့ညွှန်ကြားနိုင်တယ်လို့ ဖော်ပြထားပါတယ်။