အောင်လအန်ဆန် နိုင်ငံတကာအကောင်းဆုံး ဖိုက်တာဆု ဆွတ်ခူး

အောင်လအန်ဆန်သည် လက်ရှိတွင် MMA(One Championship) ၀ိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံဖြစ်သည်။ (ဓာတ်ပုံ − One Championship)

ONE ဝိတ်တန်းနှစ်ခုချန် ပီယံ ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် World MMAAwards 2019 ဆုပေးပွဲတွင်နိုင်ငံတကာ အကောင်းဆုံးဖိုက် တာဆု ဆွတ်ခူးခဲ့သည်။

ဗြိတိန်နိုင်ငံ အခြေစိုက် Fighters Only မဂ္ဂဇင်းက ရွေးချယ်ချီးမြှင့်သည့် အဆိုပါဆုပေးပွဲကို ဇူလိုင် ၄ ရက်တွင် အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်၌ ကျင်းပခဲ့သည်။

အောင်လအန်ဆန်သည် တစ်နှစ်တာ နိုင်ငံတကာ အကောင်းဆုံး အားကစားဆုကို UFC မှ ရှုံးပွဲမရှိ MMA ချန်ပီယံ ရုရှားနိုင်ငံသား ခါဘစ်အပါအဝင် UFC ဖိုက်တာ အူစမန်၊ အာဒေးဆန်ညာနှင့် Bellator ဖိုက်တာ မူဆာဆီတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ယင်းဆုပေးပွဲ၏ တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆု (Charles ‘Mask’ Lewis Fighter of the Year) နှင့် နိုင်ငံတကာ အကောင်းဆုံးဖိုက်တာဆု (In-ternational Fighter of the Year) စသည့် ဆုနှစ်ခု၏ ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည်။

ဆန်ကာတင် စာရင်းနှစ်ခုအ နက် အောင်လအန်ဆန်က နိုင်ငံတကာ အကောင်းဆုံးဖိုက်တာ ဆု ဆွတ်ခူးပြီး တစ်နှစ်တာအကောင်းဆုံး အားကစားသမားဆုကို UFC ဖိုက်တာ ကော်မီယာက ဆွတ်ခူးခဲ့သည်။ ယင်းဆုများကို ပရိသတ်များ၏ အွန်လိုင်း ဆန္ဒမဲဖြင့် ရွေးချယ်ဆုံးဖြတ်ခြင်း ဖြစ် သည်။

  ‘‘ကျွန်တော့်ကို ချစ်ပြီး ထောက်ပံ့မူအမြဲပေးတဲ့ မိသားစုနဲ့ ဇနီးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်နဲ့ အမြဲတမ်းတွဲဖက်ပြီး လေ့ကျင့်မူလုပ်ပေးတဲ့ နည်းပြနဲ့ Hard Knock 365 အဖွဲ့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ သူတို့က ကျွန်တော့်ကို ဘာမဆိုဖြစ်နိုင်အောင် တွန်းအားပေးခဲ့တဲ့ သူတွေပါ။ ကျွန်တော့်ကို ဒီလိုဘဝမျိုးဖြစ်လာအောင်၊ ကျွန်တော် ချစ်တဲ့ ဒီအလုပ်ကို လုပ်နိုင်အာင် လမ်းကြောင်းပေါ် တင်ပေးခဲ့တဲ့ One Championship ကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော့်ကို Vote ပေးခဲ့တဲ့ သန်း ၆၀ သော မြန်မာပရိသတ်တွေကိုလည်း အရမ်းကျေးဇူးတင် ပါတယ်’’ ဟု အောင်လအန်ဆန်က ယင်းဆုပေးပွဲ အခမ်းအနားတွင် ပြောသည်။

Fighters Only မဂ္ဂဇင်းသည် ယင်းဆုများကို ၂၀၀၈ ကစတင်ချီးမြှင့်ခဲ့သည်။၂၀၁၉ အတွက်ဆုပေးပွဲတွင် ဆုအမျိုးအစား ပေါင်း ၂၂ ခု ချီးမြှင့်ခဲ့သည်။ မြန်မာ့စပါးအုံးမြွေဟု ကျော်ကြားသည့် အောင်လအန်ဆန်သည် ၂၀၁၈-၁၉ အတွင်း (One Champi -onship)က ကျင်းပသည့် MMAမစ်ဒယ်ဝိတ် ချန်ပီယံကာကွယ်ပွဲ သုံးပွဲနှင့် လိုက်ဟဲဗီးဝိတ်ချန်ပီယံလုပွဲ တစ်ပွဲထိုးသတ်ရာ လေးပွဲစလုံး အနိုင်ရထားသည်။

အောင်လအန်ဆန်သည် ၂၀၁၈ နိုဝင်ဘာ ၈ ရက်က စင် ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် Global Martial Arts Awards ဆုပေးပွဲ၌ အကောင်းဆုံး အမျိုးသား ကစားသမားဆုနှင့် အကောင်းဆုံးပွဲဆုတို့ ရရှိခဲ့သည်။

အသက် (၃၃) နှစ်အရွယ် အောင်လအန်ဆန်သည် MMAပြိုင်ပွဲတစ်လျှောက် ၃၅ ပွဲယှဉ်ပြိုင်ရာတွင် ၂၅ ပွဲနိုင်၊ ၁၀ ပွဲရှုံးနိမ့်ထားသည်။

အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ ကာကွယ်ပွဲအဖြစ် လာမည့်အောက်တိုဘာတွင် အမေရိကန်-ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာနှင့် ဂျပန်နိုင်ငံ၌ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။