မီးအားမပြည့်သဖြင့် လျှပ်စစ်မီးသုံးစွဲသူအချို့အခက်ကြုံ

ရန်ကုန်ရှိ အဆောက်အအုံတစ်ခုတွင် ထပ်ဆင်ထားသည့် လျှပ်စစ်မီးအားထိန်းညှိစက်များ (ဓာတ်ပုံ - နစ်ကီ)

 မြို့နယ်အချို့တွင် လျှပ်စစ်မီး ပုံမှန်မရခြင်းအပြင် မီးလာပါကလည်း  လျှပ်စစ်ဓာတ်အား အပြည့်အ၀မရဘဲ မီးအားကျဆင်းမှုများရှိနေသဖြင့် ပြည်သူအချို့ အခက်အခဲကြုံနေကြောင်း သ တင်းရရှိသည်။

ရန်ကုန်မြို့၌ ယခုလအတွင်း လျှပ်စစ်မီးများ မကြာခဏပြတ် တောက်နေသည့်အပြင် မီးအားကျကာ အပြည့်အ၀မရသည့်ပြဿနာကို လူနေထူထပ်သော ဆင်ခြေဖုံးမြို့နယ်များတွင် အများဆုံးကြုံ တွေ့နေရခြင်းဖြစ်သည်။

‘‘သင်္ကြန်မတိုင်ခင်ကတည်းက မီးက ကြိုးကြားပြတ်နေတာ။သင်္ကြန် ပြီးတော့လည်း လေပြင်းတိုက်တာ နဲ့ရောပြီး မီးဖြတ်ပစ်တာပဲ။ တစ် ခါတလေ  မနက်ဘက်မီးပြတ် သွားရင်  ညနေမှပြန်လာတာမျိုးတွေတောင်ရှိတယ်’’  ဟု တောင်ဥက္ကလာပမြို့နယ်နေ ဒေါ်ကျော့ဝေဦးကပြောသည်။
 

လျှပ်စစ်မီးပြတ်တောက်သွား ပြီး မီးပြန်လာလျှင်လည်း ဗို့အား အပြည့်အ၀မရတတ်ကြောင်း ရန်ကင်းမြို့နယ်မှ တက္ကစီယာဉ် မောင်းဦးရဲကျော်ဆွေကပြော သည်။ ‘‘မီးကမလာရင်လည်း မလာနဲ့။ အချိန်ပိုင်းနဲ့မီးပေးရင်လည်း တော်သေးတယ်။ အခုက မီးလာ ပြန်ရင်လည်း ဘာမှလုပ်လို့မရတဲ့ မီးအားဆိုတော့ မီးမလာတာနဲ့ ဘာမှမထူးဘူး’’ဟု ၎င်းကဆိုသည်။

မီးအားလျော့နည်းခြင်း ပြ ဿနာအများစုမှာ လျှပ်စစ်အားကို ဇုန်အလိုက်ခွဲဝေပေးရာတွင် လျှပ်စစ်ပစ္စည်းများ အခက်အခဲရှိ နေခြင်းကြောင့်ဖြစ်သည်ဟု ယခင် အမှတ် (၂) လျှပ်စစ်ဝန်ကြီးဌာန အငြိမ်းစား အင်ဂျင်နီယာဟောင်း ဦးညွန့်ဟန်ကပြောသည်။ ‘‘ခရိုင် အလိုက်၊ မြို့နယ်အလိုက်တင်မက ရပ်ကွက်အလိုက်တွေမှာပါ ထရန် စဖော်မာတွေ ဓာတ်အားထိန်းညှိတဲ့ နည်းပညာပါဝင်တဲ့စက်တွေ အဆင့်ဆင့်ခံသွားနိုင်မှာပါ။ လက် ရှိမှာ အကောင်းဆုံးလုပ်နိုင်တာက ဇုန်အလိုက် လဲသင့်တဲ့ဓာတ်ကြိုး တွေကိုလဲ၊ ဓာတ်တိုင်နားက ခုတ် သင့်တဲ့အပင်တွေခုတ်ပြီး နောင် ဓာတ်အားလိုင်းတွေ အဆင့်မြှင့်ရင် ကြိုပြင်ထားဖို့ပဲ’’ဟု ၎င်းကပြော သည်။

လျှပ်စစ်မီးမှာ နေ့စဉ်လိုလိုပင် ပြတ်တောက်နေပြီး တစ်ခါတစ်ရံ နံနက်ခင်းမှ ညနေရောက်ချိန်အထိ ပြတ်တတ်သည်ဟု   ထောက် ကြန့်မြို့နယ်မှ ဦးတင့်ဝေက ပြောသည်။‘‘ပြန်လာရင်လည်းခဏပဲ မီးအားတက်တာပြီးရင်ပြန်ကျသွားပြန်ရော’’ဟု ၎င်း ကဆိုသည်။

လက်ရှိတွင် ရေအားလျှပ်စစ်ကို မှီခိုပြီးနေရခြင်းကြောင့် မီးလာပြီးမီးအားပြည့်ဝရန်မှာ ဂက်စ်တာဘိုင်များ အဆင်ပြေပြေလည်ပတ် နိုင်ရန်လိုအပ်ကြောင်း မြို့တော်စည်ပင် ခရိုင် ကော်မတီဝင် ဒေါက်တာစိုးထွန်းကပြောသည်။‘‘နောက်ပိုင်းမှာက ဖုန်းသုံးတဲ့သူတွေ၊ တီဗီ၊ အ၀တ်လျှော်စက် စသဖြင့် လျှပ်စစ်မီးနဲ့သုံးစွဲနေ ကြတဲ့သူတွေကလည်း များလာတယ်။ဒါကြောင့် လျှပ်စစ်မီးအားကောင်းကောင်းနဲ့ အဆင်ပြေပြေရရှိဖို့က သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်းနောင် ငါးနှစ်၊ ဆယ်နှစ် Plan နဲ့စီစဉ်ပေးထားမှဖြစ်မယ်။ ဒီလိုဖြေရှင်းမှပဲ အဆင်ပြေနိုင်မှာပါ’’ဟု ၎င်းကဆို သည်။

ဧပြီ ၂၄ နှင့် ၂၅ရက်ကလည်း  လျှပ်စစ်မီး  အခက်အခဲကြောင့်  အရှေ့ပိုင်းခရိုင်နှင့်အနောက်ပိုင်းခရိုင်တို့တွင် ရေပေးဝေမှုရပ်ဆိုင်းခဲ့ကြောင်း မြို့တော်စည်ပင်က ထုတ်ပြန်သည်။  

 ရေမောင်းရန်  မီးအားပြည့် သည့်အချိန်ကို   စောင့်နေရပြီး မီးအားမှာလည်း ည ၂ နာရီ ၃ နာရီမှ ကောင်းတတ်သောကြောင့် ရေတင်ရန် ညဥ့်နက်ချိန်အထိစောင့်ရကြောင်းမြောက်ဥက္ကလာပမြို့နယ်မှဒေါ်ထွေးစုကပြောသည်။

‘‘မီးအားမကောင်းတော့ ထမင်းအိုးတည်လည်းအဆင်မပြေဘူး။ မီးပူတိုက်လည်းအဆင်မ ပြေဘူး။ ရုံးပိတ်တဲ့ရက်လေး တီဗီဇာတ်လမ်းတွဲတွေကြည့်ဖို့တောင် အဆင်မပြေဘူးပေါ့’’ဟု ၎င်းကဆိုသည်။