တိုက်ပွဲများကြောင့် အာရှလမ်းမကြီးဖွင့်လှစ်မည့်ရက် ရွှေ့ဆိုင်း

အာရှလမ်းမကြီး လမ်းပိုင်းတစ်ခုဖြစ်သော မြဝတီ−ကော့ကရိတ်လမ်းပိုင်းတစ်နေရာကို တွေ့ရစဉ် /ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

အစိုးရတပ်မတော်နှင့် ဒီကေဘီအေတို့ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် အာရှ လမ်းမကြီးကို မူလက ဇူလိုင် ၂၀ ရက်တွင်  စတင်ဖွင့်လှစ်ရန်စီစဉ်ခဲ့သော်လည်း ထိုင်းအစိုးရက ရွှေ့ဆိုင်းလိုက်ကြောင်း ကရင် ပြည်နယ်အစိုးရအဖွဲ့မှ သတင်း ရရှိသည်။

အာရှလမ်းမကြီး မြ၀တီနှင့် ကော့ကရိတ်မြို့ကြား လမ်းပိုင်းတွင် ဇူလိုင် ၂ ရက်မှ စတင်ကာ အစိုးရတပ်နှင့် ဒီကေဘီအေတို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

မြ၀တီ-ကော့ကရိတ်ကြားရှိ ၂၈ မိုင် ၁ ဖာလုံ ရှိသည့် အာရှ လမ်းမကြီးကို တရားဝင်ဖွင့်လှစ် ပြီးပါက ယင်းလမ်းပိုင်းတွင် ငွေ ကြေးကောက်ခံနေသော လက် နက်ကိုင်အဖွဲ့များ ဖယ်ရှားပေးရန် ညွှန်ကြားခဲ့ပြီးနောက် အစိုးရ တပ်မတော်နှင့် ဒီကေဘီအေတို့ တိုက်ပွဲများ စတင်ဖြစ်ပွားလာခြင်း ဖြစ်သည်။

‘‘တိုက်ပွဲဖြစ်လို့ ထိုင်းက ရွှေ့သွားပြီ။ ရှစ်လပိုင်းကုန်မှ သိရမယ်။ အဲဒီကိစ္စတွေကြောင့် မဲဆောက်မှာ ၈ ရက်နေ့လုပ်မယ့် အစည်းအဝေးလည်း ဖျက်လိုက်ရပြီ။ ရှစ်လပိုင်းမှ ပြန်လျာထားတယ်။ နောက်ဘာဖြစ်မယ်ဆိုတာကို ကျွန်တော်တို့လည်း အတိအကျ ပြောလို့ မရဘူး’’ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူးအဆင့်ရှိသူ တစ်ဦးကပြောသည်။

မဟာမဲခေါင် စီမံကိန်းတွင် ပါဝင်သည့် အာရှလမ်းမကြီးသည် ထိုင်း-မြန်မာ-အိန္ဒိယနိုင်ငံ တို့ကို ဖြတ်သွားပြီး အာရှနိုင်ငံ အချို့နှင့်လည်း ချိတ်ဆက်ထားသည်။ အဆိုပါလမ်းကို ထိုင်းနိုင်ငံ See Sang ဆောက်လုပ်ရေးကုမ္ပဏီက ဖောက်လုပ်နေခြင်းဖြစ်သည်။ ၂၀၁၃ ဇန်န၀ါရီတွင် စီမံကိန်း စတင်ခဲ့ပြီး ၂၀၁၅ ဇူလိုင်တွင် ဖွင့်လှစ်ရန် စီမံကိန်းချမှတ်ခဲ့သော် လည်း လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများကြောင့် မည်သည့် အချိန်ဖွင့်လှစ်မည်ကို နှစ်နိုင်ငံ အစိုးရက အတည်မပြုနိုင်သေးပေ။

အဆိုပါဒေသတွင် တိုက်ပွဲများသည် လေးရက်မြောက်ဖြစ်သည့် ဇူလိုင်၅ ရက်အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။